စစ်ကိုင်း စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၄)ရက်၊ နံနက်(၈)နာရီက စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကိုယ်စား သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးရဲ့ မွန်မြတ်သည့် ဦးတည်ချက်များနှင့်အညီ အသွင်သဏ္ဍန်ရော၊ အနှစ်သာရပိုင်းမှာပါ ပြည့်ဝစွာအောင်မြင်ရေး ကြိုးပမ်းကြရာတွင် တိုင်းပြည်နှင့် လူမျိုးကိုချစ်သည့် စိတ်နှင့် တန်ဖိုးမဖြတ်နိုင်တဲ့ မြန်မာတို့ရဲ့ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာတည်သရွေ့ အစဉ်ရှင်သန်စည်ပင်ဖွံ့ဖြိုးနေစေရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၁၆ ခုနှစ်ကနေ (၅)နှစ်ကျော်ကြာ ပြည်သူတွေနဲ့ ကင်းကွာခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ မြန်မာ့ဇာတ်သဘင်နှင့် ဂီတအနုပညာများ၏ ကပြသီဆိုဖျော်ဖြေမှုများနှင့် ဝေးကွာခဲ့ရမှုအပေါ် အနောက်တိုင်း သရုပ်ပျက်ယဉ်ကျေးမှုများက ဝင်ရောက်လွှမ်းမိုးလာသည်ကို မြင်တွေ့ရပါကြောင်း၊ တာဝန်ရှိသူများနှင့် အနုပညာကိုမြတ်နိုးကြသည့် ပညာရှင်များ၊ ဝါသနာရှင်များ၊ ကျောင်သားကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အမျိုးသားရေးစရိုက်လက္ခဏာများကို ပြည်သူများနှင့်အတူ အစဉ်ရှင်သန်ထွန်းကားနေအောင် နိုင်ငံနှင့်အဝှမ်း ခမ်းနားသိုက်မြိုက်စည်ကားစွာ ဖော်ဆောင်နေကြသည့်အတွက် မိဘပြည်သူများက ဝမ်းသာပီတိ ဖြစ်နေကြသည်ကို မြင်တွေ့နေရပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကြီးမှာ အရည်အချင်းရှိပြီး ထူးချွန်ထက်မြက်သော အနုပညာရှင်များ၊ ဝါသနာရှင်များ၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာရေးအတွက် စစ်မှန်တဲ့ရွေးချယ်ပွဲကြီးကို အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်နှင့် ဒီပြိုင်ပွဲကြီးမှာ ရွေးချယ်လိုက်တဲ့ ပြိုင်ပွဲဝင်များကလည်း နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးတွင် စစ်ကိုင်းတိုင်း ဒေသကြီးဂုဏ်ဆောင် ဆုတံဆိပ်များရရှိအောင် လေ့ကျင့်ကြိုးပမ်းသွားကြဖို့ မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် ဇေယျာလူမှုထူးချွန်တတိယအဆင့်၊ နိုင်ငံတော်ရွှေတံဆိပ် (၆)ဆုရ အဆိုပညာရှင်ဒေါ်သန္တာတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်ကောလိပ်များမှ ပါမောက္ခချုပ်ကြီးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ မြို့မိ/ မြို့ဖများနှင့် မိဘပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆိုနှင့်အက ပြိုင်ပွဲများကို စစ်ကိုင်းပညာရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ အတီးပြိုင်ပွဲနှင့် အရေး ပြိုင်ပွဲများကို နီလာခန်းမတွင်လည်းကောင်း ကျင်းပပြုလုပ်ရာ ပွဲစဉ်ပေါင်း(၆၉)ပွဲ၊ ပြိုင်ပွဲအမျိုးအစား (၂၃)မျိုးကို တိုင်းဒေသကြီးအတွင်းရှိ အဆို၊ အက၊ ဂီတ၊ အနုသုခုမဝါသနာရှင် စုစုပေါင်းပြိုင်ပွဲဝင် (၂၅၁)ဦးတို့က ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရသည်။
စစ်ကိုင်းခရိုင်( ပြန်/ဆက်)