နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ထန်ပါခွေ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမ၌ စက်တင်ဘာလ (၄)ရက် နံနက် (၁၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ထန်ပါခွေမြို့ မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဒါနက မီးဘေး၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်းကောင်း၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်မျိုးထွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဖတ်ရှုလေ့လာခြင်းသည် အသိဉာဏ်ပညာ ဗဟုသုတများစွာ တိုးပွားစေခြင်း၊ လက်တွေ့ဘဝတွင် လက်တွေ့ကျကျအကောင်အထည် ဖော်ဆောင်ရွက် နိုင်ခြင်း၊ အမှား၊ အမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အကျိုး ကျေးဇူးများစွာရရှိနိုင်ခြင်း အစရှိသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ထန်ပါခွေမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကို တက်ရောက်လာသူများမှ စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)