အိမ်မဲမြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရသော နေ့အဖြင့်သတ်မှတ်ဆောင်ရွက်

အိမ်မဲ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီးနှင့် ကမ်းနားလမ်းရှိ ပျံကျစျေးတို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရသောနေ့အဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့်ဝန်ထမ်းများက “ကမ္ဘာမြေကြီးကျန်းမာဖို့ ပလပ်စတစ်အိတ်ကို ရှောင်ကြဥ်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပလပ်စတစ်မသုံးစွဲရေး အသိပညာပေးခြင်း၊ စျေးရောင်းချသူများ အားအသားငါး၊ ဟင်းသီးဟင်းရွက်များ၊ အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများကို ရောင်းချရာတွင် ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာ စက္ကူနှင့် စတီးချိုင့်များကို အစားထိုးအသုံးပြုရန်နှင့် အသိပညာပေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်မသုံးစွဲရသောနေ့အဖြင့် အသိပညာပေးခြင်းကို ယခင်အပတ်ကလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)