မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မင်းဘူး စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် စီမံအဖွဲ့ဝင်များ လိုက်ပါလျက် စက်တင်ဘာလ ၃ ရက် ညနေ ၃ နာရီအချိန်က ဇီးအိုင်ကျေးရွာသို့ ‌သွားရောက်၍ ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဆောင်ရွက် ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူး ဝင်းဇင်မိုးက နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး တို့ကိုလည်းကောင်း၊ ရဲမှူးလှိုင်ဝင်းက မှုခင်းကျဆင်းရေး ဆောင်ရွက်နေ မှုများကိုလည်းကောင်း၊ မြို့နယ် လ.ဝ.က မှူး ဦးဇော်မိုးသက်က (၆၆/၆) များကို တိုက်ဆိုင်စိစစ်၍ စာရင်း ရေးသွင်းနေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက သီးနှံများကိုတိုးချဲ့ပြီး စနစ်တကျ စိုက်ပျိုးရေးတို့အပြင် နိုင်ငံတော်မှ မိုးသီးနှံ စပါး၊ နေကြာ၊ ပဲတီစိမ်း သီးနှံများကို မျိုးစေ့ထုတ်၍ စိုက်ပျိုးသူများနှင့် သီးညှပ် စိုက်ပျိုးခြင်းမဟုတ်ဘဲ သီးသန့် စိုက်ပျိုးသူများကို တစ်အိတ်လျှင် ၃၄၅၀၀ ကျပ်နှုန်းဖြင့် ၂ ဧကလျှင် မြေဩဇာ တစ်အိတ်နှုန်း ရောင်းချသွားမှာဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ဌာနများမှ ဌာနလုပ်ငန်း အသီးသီးများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေ ပြည်သူများက မိမိတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)