ကျုံပျော် စက်တင်ဘာ ၄
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန် (၁၄)မျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဈေးရောင်းဝယ်နေမှုများအား သွားရောက်ကြည့်ရှု အားပေး ကူညီခဲ့ကြသည်။
ရောင်းချရာတွင် အိမ်ထောင်စု တစ်စုအတွက် ဆင်းသုခ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်ဖြင့် (၂)ပြည်နှုန်း၊ ဆီ (၅၀)သားလျှင် (၂၅၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၁၀၀)ကျပ်နှုန်းဖြင့် (၆)လုံး၊ ဆားတစ်ထုပ်လျှင် (၂၅၀)ကျပ်၊ ပဲသီး၊ ချဉ်ပေါင်ရွက်၊ မုံလာရွက်၊ ကန်စွန်းရွက်၊ ဘူးသီး စသည့် ဟင်းသီးဟင်းရွက်များကို တစ်စီးလျှင် (၁၀၀)ကျပ်နှုန်းစီဖြင့် အိမ်ထောင်စုပေါင်း (၁၂၀)တို့ ထံသို့ အထူးဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း၊ ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)