မြို့သစ် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လည်(၂)နာရီ အချိန်ခန့်က မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၂၉)၊ ဦးပိုင်အမှတ် (၃၇)၊တောင်သူ ဦးမြင့်စိုး၏ မိုးနှောင်းချဉ်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကစိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကမြန်မာ နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ စျေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံ၏လူဦးရေအများစုမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်ကြရာ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလိုကျေးလက်နေပြည်သူများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိကလိုအပ်ကြောင်း၊ စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းရန်အတွက် စိုက်ကွက်မြေပြုပြင်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တက်ရောက်လာသည့် ဒေသခံတောင်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နေကြာစိုက်ပျိုးမည့်တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာမျိုးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)