ကျုံပျော်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်းအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကျုံပျော် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံး ပလပ်စတစ်အိတ်များ လျှော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ခြင်းအား အသိပညာပေး ဆောင်ရွက်ခြင်းကို ကျုံပျော်မြို့ မြို့မဈေးအတွင်း၌ စက်တင်ဘာ ၄ ရက်နေ့ နံနက် ၇ နာရီက (တတိယ)အကြိမ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး သိန်းစိုးဝင်း၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများလိုက်ပါ၍ ဈေးရောင်းချသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းချပဲ၊ ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာစက္ကူများဖြင့်သာ ထုပ်ပိုးရောင်းချရေးတို့ကို အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော မြို့မဈေး၊ အထောင်ဈေးနှင့် ပျံကျဈေးများ အားလုံးတွင်လည်း  သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများဖြင့် နှိုးဆော်၍ အများပြည်သူများ ပါဝင်ဆောင်ရွက်နိုင်ရေး အသိပေး ကြေငြာခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)