ပွင့်ဖြူ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန် ရည်ရွယ်၍ စက်တင်ဘာ ၄ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် မဒဲကျေးရွာအုပ်စု ၊ သစ်ပတီးကုန်းကျေးရွာသို့ သွားရောက်ပြီး သတ္တမနှစ်စက်ဝန်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထူထောင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြု ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအနေဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စာရင်းဇယားများကို စနစ်တကျ ရေးဆွဲဆောင်ရွက်ထားရှိရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ပွင့်ဖြူမြို့နယ် သစ်ပတီးကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၂ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသားဦးရေ ၁၀၁ ဦး အား သတ္တမနှစ်စက်ဝန်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုး/ အရင်း ငွေကျပ် ၄၉ ဒသမ ၈ သန်းကို စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )