ချောက် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့မစျေး မြောက်ဘက်လမ်းအား ယာဉ်သွားလာမှု စနစ်တကျရှိစေရေးအတွက် ယခင်ကျင့်သုံးခဲ့သည့် တစ်လမ်းမောင်းစနစ် (One-way) အား အနှေးယာဉ်မောင်းနှင်သူ၊ ယာဉ်မောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် ပညာပေးဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ စည်ပင်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ မြို့မစျေးကြီး မြောက်ဘက်တွင် ယခင်ကျင့်သုံးခဲ့သည့် တလမ်းမောင်းစနစ် (One-way) အား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပညာပေးပြောကြားခြင်း၊ စျေးအပြင်ဘက်တွင် ရောင်းချလျက်ရှိသည့် ဆိုင်ခန်းရှင်များ၊ ပျံကျစျေးရောင်းချသူများအား သတ်မှတ်ထားသည့် စျေးစည်းကမ်းချက်များနှင့်အညီ စျေးရောင်းချမှုရှိစေရေး၊ အများပြည်သူသွားလာသည့် ကွန်ကရစ် လမ်းများပေါ်တွင် စျေးရောင်းချခြင်းများ မရှိစေရေး အသိပေးကြေငြာခြင်း၊ သတိပေး မှတ်တမ်းစာအုပ်တွင် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းအစီအစဉ်ကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာ ၃ ရက်၊ ၄ ရက်၊ ၈ ရက်၊ ၁၀ ရက်နေ့များတွင် ပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာပေးကာလကျော်လွန်ပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒဏ်ရိုက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
( မြို့နယ်ပြန်/ဆက်)