ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ငါးသိုင်းချောင်း  စက်တင်ဘာ  ၁၄

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကို သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်၊ တားမြစ်မိန့်နှင့် အများပြည်သူ သိရှိလိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

၎င်းအပြင် ငါးသိုင်းချောင်းမြို့အဝင် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်း လမ်းဆုံ၊ ရေကြည်-ငါးသိုင်းချောင်းလမ်းနှင့် ချမ်းသာကြီးလမ်းဆုံနေရာတွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ  စတင်၍ မြို့တွင်းသို့ ဝင်ထွက်သွားလာလျက်ရှိသည့် အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များနှင့် တိုင်းဒေသကြီး အတွင်း မြို့နယ်ကျော်လွန် ဆက်သွယ်သွားလာမှုများကို ခရီးသွားထောက်ခံချက်များ စစ်ဆေးခြင်း၊ ကျန်းမာရေး အခြေအနေ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်း၊ stay at home သတ်မှတ်ထားသော မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများကို နေရာကန့်သတ် စောင့်ကြည့်မှုခံယူနိုင်ရေး စစ်ဆေးဆောင်ရွက်ခြင်းတို့ ကိုမြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက စုပေါင်းစစ်ဆေးရေးဂိတ် နှစ်နေရာ ဖွင့်လှစ်၍ နေ့၊ ည အဆက်မပြတ် အလှည့်ကျ တာဝန်ဖြင့် စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့တွင်းရှိ စည်ပင်သာယာမြို့မဈေးကြီးအတွင်း၌ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစီအစဉ်ဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းဝယ်ရေး၊‌ ဈေးရောင်း ဈေးဝယ်ပြည်သူအားလုံး mask နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျ တပ်ဆင်၍ Social Distancing ဖြင့် လိုက်နာဆောင်ရွက်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေး သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို Hand speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ကြေညာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကူးဆက်မှုများကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း လုပ်ငန်းများအတွက် နေရာကန့်သတ်စောင့်ကြည့်စင်တာကို ငါးသိုင်းချောင်းမြို့ အ-ထ-ကကျောင်းတွင် စက်တင်ဘာလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နေရာကန့်သတ်စောင့်ကြည့်မှုခံယူသူ (၃၉)ဦးရှိရာ လိုအပ်သော  ကျန်းမာရေးစစ်ဆေးမှုများ၊နေရာကန့်သတ်စောင့်ကြည့်မှုနှင့် အခြားလိုအပ်သော လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက နေ့/ည အဆက် မပြတ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)