ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ မွေးမြူထား​ပြီး ပြည်တွင်းပြည်ပ စျေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိ

ပုသိမ် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ် လျက်ရှိသော တိုင်းဒေသကြီး ဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍတွင်လည်း ပြည်တွင်းစားသုံးမှု ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့တင်ပို့၍ ပြည်ပမှဝင်ငွေ ရှာဖွေပေးနေသော စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိသည်။

 ပုသိမ်ခရိုင်၊ မအူပင်ခရိုင်၊ လပွတ္တာနှင့် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များ၌ ကျားပုဇွန်၊ ရေငန်ပုဇွန်၊ ရေချိုပုဇွန်၊ ရေချိုပုဇွန်ထုပ်ကြီး၊ ပုဇွန်မီးနီတို့အား အဓိကမွေးမြူ၍ လပွတ္တာမြို့နယ်တွင် ရွှံ့ဂဏန်းများ မွေးမြူလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ၊ လုပ်ငန်းရှင် စုစုပေါင်း (၃၀၀)ဦးတို့မှ ကန်အရေအတွက် (၁၂၃၅)ကန်၊ ဧရိယာ (၁၆၈၀၀.၇၅)ဧကတွင် ပုဇွန်ကောင်ရေ (၁၃၆၅၈၉၇၉၈)နှင့် ကုမ္ပဏီလုပ်ငန်းရှင်(၁၈)ဦးတို့မှ ကန်အရေအတွက် (၆၇)ကန်၊ ဧရိယာ (၅၀၈.၇၁) ဧကတွင် ရွှံ့ဂဏန်းကောင်ရေ (၁၁၈၈၂၀၀) မွေးမြူထားရှိကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြည်တွင်းစျေးကွက်ဖြစ်သော ရန်ကုန်မြို့သို့ ငါးမြစ်ချင်း ပိဿာ(၂၅၅၉၆၈)ပိဿာ၊ ပြည်ပသို့တင်ပို့မှု (၁၃၄၇၂)ပိဿာ၊ ရန်ကုန်မြို့သို့ ငါးတန်ပိဿာ (၁၂၇၉၈၄) ပိဿာနှင့် ပြည်ပသို့ (၆၇၃၆)ပိဿာ၊ ရန်ကုန်မြို့သို့ ဂဏန်းပိဿာ (၆၆၂၆၂)ပိဿာနှင့် ပြည်ပသို့ (၃၄၈၇)ပိဿာ၊ ရန်ကုန်မြို့သို့ ရေချိုပုဇွန် (၆၀၂၃၅)ပိဿာ၊ ပြည်ပသို့ (၃၁၇၀)ပိဿာ၊ ရန်ကုန်မြို့သို့ ရေငန် ပုဇွန် (၁၃၀၁၁၈)ပိဿာနှင့် ပြည်ပသို့ (၁၅၈၅)ပိဿာတို့ကို တင်ပို့နိုင်ခဲ့ကြောင်း တိုင်းငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မြင့်ဟန်