လပွတ္တာ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ လပွတ္တာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်မည် ဖြစ်ရာ ယနေ့နံနက် (၈)နာရီချိန်က လပွတ္တာမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် နန္ဒဝန်စျေး၊ ရွေးနဒီစျေး၊ အမှတ်(၁)ရပ်ကွက် ပျံကျစျေးများ၌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းကို လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦးနှင့် ဝန်ထမ်းများက ပူးပေါင်းပြီး ပလစ်စတစ် မသုံးစွဲရေး အသိပညာပေးခဲ့ကြောင်း သိရသည်။
‟ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ် ကိုရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အနေဖြင့် အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင် ပစ္စည်းများအား ပလပ်စတစ်အိတ် အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်းစသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲတတ်စေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)