မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အဖွဲ့မှ ဒေသဖွံ့ဖြိုးရေး အတွက် စစ်သူငယ် ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

အထက်မင်းလှ စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက စစ်သူငယ်ကျေးရွာ၌ ကွင်းဆင်း၍ ဒေသခံပြည်သူများ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊   ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးမည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးရေး၊ လူဦးရေစာရင်း ကောက်ယူနေမှုများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိမိတို့ရပ်ရွာ လုံခြုံရေးကို အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်း ဆွေး‌နွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆/၆၆) ပျောက်ဆုံး ပျက်စီးသူများအတွက် ပုံစံအသစ် ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)