မော်လမြိုင်ကျွန်း စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၊ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ ဗိုလ်ချုပ်ဈေးများ၌ ဈေးအတွင်းအပြင်ဈေးရောင်း/ဈေးဝယ်ပြည်သူများအား အသိပညာပေး ဆောင်ရွက်ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အနေဖြင့်အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်းစတဲ့ပစ္စည်းများဖြင့် အစားထိုးသုံးစွဲတတ်စေရန် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)