သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက် စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ(၁)နာရီက မုံဇလီကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့် ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။  ယင်းနောက် ဌာနဆိုင်ရာများမှ မိမိဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို အသီးသီး ရှင်းလင်း ဆွေး‌နွေးပြီး ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆/၆၆) ပျောက်ဆုံး ပျက်စီးသူများအတွက်  ပုံစံအသစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ပေးခဲ့သည်။      
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံဇလီကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ကာကွယ်ဆေးထိုးနှံမှု အခြေအနေနှင့် ကျေးလက်လမ်းများ အခြေအနေတို့အား ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်