ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် စက်တင်ဘာ

ကယားပြည်နယ်၊ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်ကလွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့မှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်များ၊ ပြိုင်ပွဲဝင် မျိုးဆက်သစ်များနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကား ပြောကြားရာတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ် ထိန်းသိမ်းနိုင်ပြီး မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း အမွေပေးစေနိုင်ရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသော ဦးတည်ချက်များနှင့်အညီ ပြုလုပ်ခဲ့သော ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ အနုပညာ အရည်အသွေးရှိသော ပြည်နယ်သူ၊ ပြည်နယ်သား ဂီတသုခုမ အနုပညာရှင် မျိုးဆက်သစ်များကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှု ဆုတံဆိပ်များကို ပြည်နယ် ဂုဏ်ဆောင်အနေဖြင့် ဆွတ်ခူးရရှိစေရန် မျိုးဆက်သစ်များကို နည်းပြများဖြင့် အနီးကပ် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် မြန်မာတိုင်းရင်းသားတို့၏ အနုသုခုမပညာရပ်များ ရှင်သန်ပြန့်ပွား လာပြီးနိုင်ငံနှင့် လူမျိုး၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးနေခြင်း ဖြစ်၍ ပြည်နယ်သူ ပြည်နယ်သား အားလုံးက ဂုဏ်ပြုကြိုဆို အားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူတို့က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် အဆို၊ အက၊ အရေး၊ အတီးအဖွဲ့များနှင့် ဖျော်ဖြေရေး အဖွဲ့များက ပြန်လည်ဖျော်ဖြေ တင်ဆက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်)ပြိုင်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့တွင် သတ်မှတ်နေရာများဖြစ်သော ကယားပြည်နယ်ခန်းမ၌ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ၊ လွိုင်ကော်မြို့နယ် ခန်းမတွင် အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများကို စုစုပေါင်း ပြိုင်ပွဲအမျိုးအစား (၂၄) မျိုးဖြင့် ပြည်နယ် အတွင်းရှိ အဆို၊ အက၊ ဂီတ၊ အနုသုခုမ ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၀) ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ကယားပြည်နယ် အစိုးရအဖွဲ့မှ  ပြည်နယ်အဆင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား၌ အဆို၊ အက၊ အရေး၊ အတီးကဏ္ဍအလိုက် ဆုပေါင်း (၆၂)ဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)