ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်၍ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်

ဘားအံ စက်တင်ဘာ ၃

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်နှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းတို့တွင် သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၆၀၈ ဦးတို့၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ၁၄၀ ပေ x ၃၀ ပေ နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်မည့် မြေနေရာတို့ကိုလည်းကောင်း၊ လှာကဒေါင်ကျေးရွာအခြေခံပညာ မူလတန်း ကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း ၉၅ ဦးတို့၏ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုနှင့် လှာကဒေါင်အင်း၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး နှင့် ကန်ဘောင်တစ်လျှောက်သစ်ပင်များ စိုက်ပျိုးနိုင်ရေးတို့ကိုလည်းကောင်း၊ အုန်းတပင်အခြေခံပညာ အထက်တန်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း ၁၄၇ ဦးတို့၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျောင်းများရှိ စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ အားကစားကွင်း၊ သန့်စင်ခန်း၊ ဆရာ/မနေအိမ်များ ပြည့်စုံလုံလောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဘားအံမြို့ရှောင်လမ်းဝဲယာ ကျောက်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်း၊ အလယ်တောင်ကြား မြေထိန်းနံရံနှင့် မဟာဓာတ်အားလှိုင်းတို့အား စနစ်တကျတည်ဆောက်နိုင်ရေး၊ လမ်းပခုံး၊ လမ်းတာဘောင်များ စနစ်တကျဖိသိပ်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက ဆောင်ရွက်မှုအခြေ အနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျရောစပ်၍ စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခန့် က ဘားအံမြို့ ကမော့ကစင်ကျေးရွာ ကွင်းအမှတ် ၁၁၈၆၊ ဦးပိုင်အမှတ် ၁၉၃၁ တောင်သူ ဦးမြဝင်းဖေ၏ လယ်မြေအတွင်းကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအဓိကထားသည့် ပြည်နယ်တစ်ခုဖြစ်ပြီး စားနပ်ရိက္ခာ ဖူလုံရေးအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ တိုးတက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အားပေးကူညီပေးလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့်လည်း မိမိတို့လယ်ယာမြေများတွင် နှစ်သီးမှသုံးသီးအထိ စိုက်ပျိုးနိုင်ရန် ကြိုးပမ်းအားထုတ်ကြဖို့လိုအပ်မည်ဖြစ်ကြောင်း၊ မိုးစပါးအပြီး နွေစပါး၊ ပဲတီစိမ်းနှင့် နေကြာသီးနှံ စသည့် ဆီထွက်သီးနှံများအပြင် အခြားအလားအလာရှိသည့် သီးနှံများကို လှပ်မြေမထားဘဲ တိုးချဲ့စိုက်ပျိုးမှသာ ပြည်နယ်အတွင်းဖူလုံပိုလျှံပြီး ပြည်ပသို့တင်ပို့ရောင်းချခြင်းမှ ဝင်ငွေပိုမိုရရှိ လာမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာတစ်မျိုးတည်းကို နှစ်ပေါင်းများစွာအစဉ်တစိုက်သုံးစွဲခြင်းသည် အပင်ကရရှိမှုထက် လေ့လွင့်ဆုံးရှုံးမှုကိုပိုများစေပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များ စေသည့်အတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို အချိုးကျသုံးစွဲဖို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးတို့က တောင်သူများ အား ယူရီးယားဓာတ်မြေဩဇာများနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တက်ရောက်လာကြသော ကမော့ကစင်၊ ရဲသာ၊ နောင်ခလိုင်၊ ကော့ကူးကျေးရွာများမှ တောင်သူများက စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက် များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ရောစပ်၍ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများအား စူပါဘိုကာရှီ(အဆင့်မြင့်အီးအမ်မြေဆွေး)ပြုလုပ်ပြသခဲ့ပြီး အဆိုပါ ကွင်းသရုပ်ပြပွဲတွင်  သဘာဝမြေဩဇာများနှင့် ဓာတ်မြေဩဇာများအား ချိုသာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)