၂၀၂၂-၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မိုးစပါးစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ တွေ့ဆုံပွဲကျင်းပ

နတ်မောက်  စက်တင်ဘာ ၃

၂၀၂၂-၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီ  အချိန်ခန့်က ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စရံအိုင့်ကျေးရွာ ကွင်းအမှတ် (၈၃၅) ယာယီခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နတ်မောက်မြို့နယ်၏ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် မိုးစပါးစိုက်ပျိုး ထုတ်လုပ် မှုအခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ရှင်းလင်းတင်ပြခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ ဆန်အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ စျေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင် ဆောင်ရွက်ကြရာ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ကျေးလက်နေပြည်သူများ၏ ဘ၀ဖွံ့ဖြိုး တိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိက လိုအပ်ကြောင်းစသည်ဖြင့် ပြောကြားသည်။ တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိတို့ကျေးရွာဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နေကြာစိုက်ပျိုးမည့်တောင်သူ (၅၀)ဦးအား ရေစင်း(၁)ဆပ်မျိုးနေကြာအား တစ်ဧက(၁) အိတ်နှုန်းထောက်ပံ့ပေးပြီး ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့သည် စိုက်ပျိုးထားသည့် မိုးစပါး RS – CS မျိုးစေ့ထုတ် (၅၀)ဧက စံကွက်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့သည် နတ်မောက်မြို့နယ်  ရွာမွန်ကျေးရွာအုပ်စု ရွာမွန်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေးစီမံကိန်း ချည်မျှင်ရှည်ဝါ (၅၀)ဧက မျိုးစေ့ထုတ်ဇုန် ရွှေတောင်(၁၀) စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ နေကြာစိုက်ပျိုးမည့် တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာမျိုးများ ထောက်ပံ့ပေးခဲ့ပြီး ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည် စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀)စိုက်ခင်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

လှဝင်း