ဂန့်ဂေါမြို့၊ ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဂန့်ဂေါ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၈ နာရီက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါများ ကင်းဝေးစေရေးနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဉာဏ်ဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၀၀) ကျော်ဖြင့် ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း/အပြင် တို့တွင် ဆေးရုံဝင်ပေါက်မှ ခြုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များ၊ မြက်များနှင့် အမြင် မတင့်တယ်သော ခြုံနွယ်များကို စုပေါင်းရှင်းလင်းပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ကြသော ဌာနဆိုင်ရာဝန်ထမ်းများအား ကောက်ညှင်းပေါင်းနှင့်မုန့်များ ဧည့်ခံ ကျွေးမွေးကာ အဆိုပါ သန့်ရှင်းရေးပြုလုပ်ခြင်းများကို အပါတ်စဉ် စနေနေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)