မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်း၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်အိတ်များထောက်ပံ့ပေးအပ်

အထက်မင်းလှ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များစုပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောက်မှုဖြင့် အလှူရှင်များစုပေါင်းပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဝင်ငွေနည်းအိမ်ထောင်စုဝင်များအား ဆန်အိတ်များ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူက အိမ်ထောင်စု (၄၀၀) အား ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက အိမ်ထောင်စုဝင်များအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များစုပေါင်းပြီး ဝင်ငွေနည်း အိမ်ထောင်စုဝင်များအား ဆန်အိတ်များ ထောက်ပံ့ပေးရာတွင် ဆန်(၆)ပြည်အိတ် (၂၀၀)လုံး၊ တန်ဖိုးငွေကျပ် သိန်း(၃၀)ရှိပြီး အိမ်ထောင်စု(၄၀၀)စုအား တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်ထောက်ပံ့ပေးခြင်းဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အလှူရှင်များ လှူဒါန်းမှုအပေါ်အခြေခံ၍ ဝင်‌ငွေနည်းအိမ်ထောင်စုဝင်များအား ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)