ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ငဖဲ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဂုတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်စိုးက ရပ်ရွာလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ ကျေးရွာအဆင့်ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်ဝင်းက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေးအားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေး ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူလူထုနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရပ်ကွက်/ကျေးရွာအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများနှင့် သိရှိလိုသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)