ကန်ကြီးထောင့်မြို့နယ်တွင် စံပြလယ်ဧကများအတွက် ယူရီးယားဓာတ်မြေဩဇာ အိတ် (၁၀၀)ထောက်ပံ့ပေးအပ်

ကန်ကြီးထောင့်  စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီး ကျေးရွာရှိ စနစ်တကျဖော်ထုတ်ထားသော လယ်မြေ ဧက(၁၀၀)၌၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက စံပြလယ်ဧက(၁၀၀)တွင် တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ကြိုးစားကြစေလိုကြောင်း၊ ဆန်နှင့်ဆီသည် နေ့စဉ်စားသုံးနေရကြောင်း၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးကြစေလိုကြောင်းပြောကြားခဲ့ပြီး  ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်က ၂၀၂၂ ခုနှစ် မိုးစပါးရာသီတစ်ဧက တင်း(၁၀၀)နှုန်း ထွက်ရှိစေရေးဧက(၁၀၀)စံပြကွက်ရှိ တောင်သူ များအားထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိုးစပါးစိုက်ပျိုးသောတောင်သူများအား တာဝန်ရှိသူများက ယူရီးယားဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်အောင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးအရာရှိ ဦးကြည်မိုးနှင့်ဝန်ထမ်းများ၊ စံပြလယ်ဧက(၁၀၀) တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ မိုးစပါးစိုက်ပျိုးသော ကွင်းယားကြီးကျေးရွာမှ တောင်သူ(၁၃)ဦး၏ စိုက်ဧက(၁၀၀)အတွက် ယူရီယားဓာတ် မြေဩဇာအိတ်(၁၀၀)အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်