ဘုတ်ပြင်း စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွင်း နို့ငွါးကျေးရွာအုပ်စု၊ ချောင်းကဖီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်း ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းအရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက် တန်းကျောင်းချောင်းကဖီး ကျေးရွာဆိုင်းဘုတ်ကို အထက-တောင်ဒဂုံ၊ အထက-အောက်လိပ်၊ အထက-ကရသူရိမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့အခြေခံပညာ အထက်တန်းကျောင်း (အထက-တောင်ဒဂုံ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ကျောင်းကော်မတီဝင် ဦးသန်းလှိုင်က ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း-ချောင်းကဖီးကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများက ပန်းပွားအက၊ ကဗျာလွတ်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းကဖီးကျေးရွာသည် ပင်လယ်ကျွန်းရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စု (၄၄၄)ခန့်ရှိနှင့် လူဦးရေ (၂၃၄၀) ဦးခန့်ရှိသည်။ ယခုအခါ ၎င်းရွာကျောင်းကို အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ပြီဖြစ်သဖြင့် အခြားအရပ်ဝေးရှိကျောင်းများသို့ ခက်ခဲစွာသွားရောက်သင်ကြားနေသည့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းပညာကို မိမိတို့ကျေးရွာကျောင်းမှာပင် ဆက်လက်သင်ယူခွင့်ရရှိတော့မည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
ဖြူဖြူသိန်း (ပြန်ဆက်)