ရေကြည် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် သမဝါယမဦးစီးဌာနမှအကောင်အထည် ဖော်ဆောင်ရွက်မည့် အကျိုးတူလယ်ယာ(Contract farming) စနစ်ဖြင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မည့်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးက တောင်သူများအနေဖြင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် ကြိုတင်ပြင်ဆင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခုလိုကြိုတင်ကွင်းဆင်းရခြင်းဖြစ်ကြောင်းနှင့် ရာသီအလိုက် စိုက်ပျိုးသီးနှံများ စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် ငွေကြေးအကျိုးခံစားခွင့်များဖြင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက (Contract farming) အကျိုးတူ လယ်ယာစနစ်ဖြင့် သမဝါယမအသင်း သားတောင်သူများ၏ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသေးစားစက်မှုလက်မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တိုင်းသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း သမဝါယမ အသင်းများက Contant Faming အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးရန် စီစဉ်လျာထားမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တောင်သူသိန်းဇော်ရွှေလီဦးနှင့် တောင်သူလှနိုင်စိုးတို့က ပဲတီစိမ်းစိုက်ပျိုးရန်အတွက် လိုအပ်သည့်အချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ရေကြည်မြို့နယ်အတိုင်းအတာအနေဖြင့် (Contract farming) အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရန် အသင်းဖွဲ့ပြီး ဆောင်ရွက်လိုသည့် တောင်သူဦးရေမှာ (၄၉၇)ဦးရှိကာ စိုက်ဧကမှာ (၁၃၄၀) ရှိကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကို၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)