ဆင်ပေါင်ဝဲ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အထက(ဆင်ပေါင်ဝဲ)ကျောင်းတွင် ယမန်နေ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်မြင့်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းမှ လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဆက်လက် ဆွေးနွေးဟောပြောခဲ့ရာ အထက(ဆင်ပေါင်ဝဲ) ကျောင်း အုပ်ဆရာမကြီးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)