ကော့သောင်းမြို့တွင် သဘာဝဘေးအန္တရာယ် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

ကော့သောင်း  စက်တင်ဘာ ၃

သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ် ဆယ်မှုလုပ်ငန်းများကို ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော့သောင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကော့သောင်းမြို့၊ ပုလုံးတုံတုံးပင်လယ်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇာတ်တိုက်လေ့ကျင့်မှုတွင် ကော့သောင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာပြည်သူများ ပူးပေါင်းကာ မိုးရာသီ အတွင်းဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းဘေးအန္တရာယ်မကျရောက်မီ သတင်းအချက်အလက်များ ကြိုတင်သိရှိနိုင်မည့်နည်းလမ်းများ၊ ကျေးရွာပြည်သူများဘေးလွတ်ရာသို့ ဆောလျင်စွာ ရွှေ့ပြောင်းပုံနည်းစနစ်များ၊ ဘေးအန္တရာယ်အားတုံ့ပြန်ရင်ဆိုင်ရမည့်နည်းလမ်းများ၊ အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးမှုလုပ်ငန်းများ၊ မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးများအကြား ပိတ်မိနေသူများနှင့် ပင်လယ်ပြင်အတွင်းရေယာဉ်နှင့် ရေနစ်သူများအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ခြင်း၊  ရှေးဦးပြုစုခြင်း၊ ဘေးလွှတ်ရာသို့ပို့ဆောင်ခြင်း စသည့် လုပ်ငန်းများအား  သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)