ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

ဝါးခယ်မ  စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီ အချိန်တွင် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိခန်းမ၌ ကန်ထရိုက်လယ်ယာလုပ်ငန်း(Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် ဒေသခံတောင်သူများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဒေါက်တာဦးထွန်းမြင့်အောင်၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးဌေးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်နှင့်တာဝန်ရှိသူများ၊ မြို့နယ်သမ ဝါယမဦးစီးမှူး ဒေါ်အေးအေးသက်နှင့်ဝန်ထမ်းများ၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မည့် ဒေသခံတောင်သူများ၊ စုစုပေါင်းအင်အား(၃၂၆)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးအောင်သူရ၊ ဦးကျော်စွာထက်နှင့် ဦးဌေးမြင့်အောင်တို့က အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့်ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်း၊ လျာထားချက်နှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

၎င်းနောက် တက်ရောက်လာသောတောင်သူများက အကျိုးတူလယ်ယာစနစ်နှင့် ပတ်သက်၍ဆွေးနွေးရာ တာဝန်ရှိသူများကရှင်းလင်းဖြေကြားခဲ့ကြသည်။

မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်ရန် ကျေးရွာအလိုက် သမဝါယမအသင်းများ ဖွဲ့စည်းထားရှိပြီး စပါးစိုက်ပျိုးရန် ကျုံခရာ အပါအဝင် ကျေးရွာ(၃၁)ရွာမှ အသင်းသား ဦးတင်ဝင်း အပါတောင်သူ (၁၉၂၃)ဦး၏ လယ်မြေ(၁၉၂၃)ဧကနှင့် ပဲတီစိမ်းစိုက်ပျိုးရန် တြိန်းကျွန်း အပါအဝင် ကျေးရွာ (၆၀)ရွာမှ အသင်းသား ဦးသန်းအောင် အပါတောင်သူ(၇၆၆၆)ဦး၏ လယ်မြေ(၂၃၀၀၀)ဧကတို့အား လျာထားပြီးဖြစ်ကြောင်း၊ လယ်(၁)ဧကအတွက် သွင်းအားစုတန်ဖိုးအဖြစ် စပါးစိုက်ပျိုးရာတွင် ငွေကျပ်(၄)သိန်းနှုန်း၊ ပဲတီစိမ်းစိုက်ပျိုးရာတွင် ငွေကျပ်(၁.၂)သိန်းနှုန်းတို့အား နိုင်ငံတော်အစိုးရ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဟိန်းထက်လင်း