မုဒုံ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကူးစက်ပျံ့နှံမှုများ မရှိစေရန် ရည်ရွယ်၍ မုဒုံမြို့နယ်အတွင်းရှိ စျေးများ၌ နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ စျေးအသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် စျေးဝယ်လာသူများ နှင့် စျေးရောင်းချသူများ အပါအဝင်စျေးသို့ လာရောက်သူများကို စနစ်တကျဆပ်ပြာဖြင့် လက်ကို ဆေးကြောစေခြင်း၊ နှာခေါင်းစည်း(mask)များ စနစ်တကျ တပ်ဆင်စေခြင်းနှင့်Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းစသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန် ချက်များ အတိုင်းနေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မုဒုံမြို့နယ် အဆင့်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)