ပိုင်ကျုံမြို့ အ.ထ.က (ခွဲ) လော်ကော်ကျောင်း၌ Steel Structure ဖြင့် တစ်ထပ်ကျောင်း ဆောင်သစ်တည်ဆောက်

ပိုင်ကျုံ  စက်တင်ဘာ 

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော်ကျေးရွာအုပ်စု၊ လော်‌ကော်ကျေးရွာ၊ အ.ထ.က (ခွဲ) လော်ကော်ကျောင်းတွင် Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀) ရှိ (၁) ထပ်ကျောင်းဆောင်သစ် တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ဩဂုတ်လ ပထမအပတ်တွင် စတင်တည်ဆောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်း‌ဆောင်သစ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် (၁၃၃.၂၀၀) သန်းဖြင့် May Barani Company Limited မှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိပြီး သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီး နိုင်ရေးအတွက် May Barani Company Limited မှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ဖြိုးသူနှင့် ကျေးရွာအတွင်းရှိ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက လော်ကော်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၅) ရွာတို့မှ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ရှိ ကျောင်းသား လူငယ်များအနေဖြင့်  မိမိကျေးရွာအုပ်စုအတွင်း၌သာ အဆင်ပြေစွာ    ပညာသင်ကြားနိုင် မည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)