ပြည် စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သူနာပြုသင်တန်းကျောင်း ခန်းမဆောင်၌ ယနေ့နံနက် ၉နာရီခွဲက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်လင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်း (ပြည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာမ/ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေး က ကျောင်းသား၊ ကျောင်းသူများအား မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအသိပညာများကို ဂရုတစိုက်လေ့လာမှတ်သားနာယူကြရန် အမှာစကားပြောကြားပြီး အသိပညာပေးမျှဝေပေးသော မြို့နယ်မီးသတ်ဦးစီးဌာနအား ကျေးဇူး တင်စကား ပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်လင်းစိုး က ပြည်ခရိုင်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ စည်ပင်သာယာဈေးများနှင့် ရပ်ကွက်/ကျေးရွာများ၌ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်မှု မှတ်တမ်းများ၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု မှတ်တမ်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန် နည်းလမ်းများအပါအဝင် မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို ပရိုဂျက်တာ ပါဝါပွိုင့်များဖြင့် အသေးစိတ် အသိပညာပေး ဆွေးနွေးဟောပြောပြီး တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးနှင့် သဘာဝဘေးကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြုပုံ၊ အသုံးပြုနည်းများကို အသိပညာပေး သရုပ်ပြဆောင်ရွက်ပြသပေးခဲ့ကြသည်။
ထို့နောက် သင်တန်းကျောင်းရှေ့မြေကွက်လပ်၌ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂက်စ်မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်နည်းတို့ကို အသိပညာပေး သင်ကြားပြသပေးပြီး ယင်းမီးငြိမ်းသတ်နည်းများဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင်ပါဝင် လက်တွေ့မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)