တောင်ငူ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၏ ကျောင်းအခြေပြု အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း အပတ်စဉ် ၃/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေ က အမျိုးသမီးများအနေဖြင့် အိမ်ထောင်ထိန်းသိမ်းမှုပညာရပ်များကို တတ်ကျွမ်းခြင်းအားဖြင့် အလုပ်အကိုင်ရရှိစေရန်၊ အမျိုးသမီးများ အမှီအခိုကင်းစွာဖြင့် မိမိဘဝမိမိရပ်တည်နိုင်စေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ပိုမိုရရှိလာစေရန်နှင့် အိမ်ထောင်ရေး သာယာစိုပြေစေရန်ရည်ရွယ်၍ အမျိုးသမီးများ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သက်သာသော သင်တန်းကြေး၊ သင်ထောက်ကူပစ္စည်း ပြည့်စုံစွာနဲ့ သင်ယူနိုင်တဲ့ ကျောင်းပြင်ပရပ်ရွာအခြေပြု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း အိမ်တွင်းမှုသက်မွေးကျောင်း ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပြီး အကျိုးရှိရှိအသုံးချနိုင်ပါက အတန်းပညာ နည်းသူများအတွက် မိမိဘဝကိုအများနည်းတူ ရပ်တည်နေထိုင်နိုင်ပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးမှ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ဝင်ငွေ ရရှိသည်အထိ လုပ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစား လုပ်ဆောင်ကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသို့တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူ (၄၂)ဦးအနက် ထူးချွန်ဆုရရှိသည့် ကျောင်းသားတစ်ဦးအား အပ်ချုပ်စက် တစ်လုံးနှင့် တက်ရောက်ကြသည့် သင်တန်းသားများအားလုံးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသူများက သင်တန်းသား သင်တန်းသူများ၏ အင်္ကျီဒီဇိုင်းလက်ရာများကို ကြည့်ရှုအားပေးကြသည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ) အနေဖြင့် ကျောင်းအခြေပြု အခြေခံ/ အဆင့်မြင့် စက်ချုပ်သင်တန်းကို မေလ ၁၂ ရက်နေ့မှ ယနေ့အချိန်အထိ အပတ်စဉ် (၃)ခု အထိ သင်တန်းသား/သူ ၁၂၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး ထူးချွန်သည့် သင်တန်းသား (၁) ဦးနှင့် သင်တန်းသူ (၂) ဦးကို အပ်ချုပ်စက်တစ်လုံးစီ ပေးအပ်ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)