မြိတ်မြို့နယ်၌ ကျေးရွာနှစ်ရွာတွင်တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေးဆောင်ရွက်ပြီးစီး

 

မြိတ် စက်တင်ဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် အတွင်းရှိစားမြိန်တောင်နှင့် တညက်နောက်ကျေးရွာနှစ်ရွာတို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP(ICB-4)တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကအဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP(ICB-4)တစ်အိမ်သုံးဆိုလာစနစ် ဖြင့်  ကျေးလက်မီးလင်းရေးအတွက် စားမြိန်တောင်ကျေးရွာရှိအိမ်ခြေ(၁၆၇)အိမ်ကို (၆၀)ဝပ် ဆိုလာ (၈၃)လုံး ၊ (၁၀၀)ဝပ်ဆိုလာ (၈၄)လုံးနှင့်တညက်နောက်ကျေးရွာရှိအိမ်ခြေ (၅၀)အိမ်ကို(၆၀)ဝပ် ဆိုလာ(၄၇)လုံး၊ (၁၀၀) ဝပ်(၃)လုံး၊ စုစုပေါင်းအိမ်ခြေ(၂၁၇)အိမ်တို့အားဝပ်(၆၀)နှင့်ဝပ်(၁၀၀) တစ်အိမ် သုံးဆိုလာ အလုံးပေါင်း(၂၁၇) လုံးတို့ကိုကျေးလက်မီးလင်းရေးအတွက် တပ်ဆင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီးကျေးရွာနှစ်ရွာတို့မှကျေးရွာသူကျေးရွာသားက စတင်အသုံးပြုနေကြပြီး ဖြစ်ကြောင်း မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင် ပြောပြချက် အရသိရသည်။

"ဆိုလာစနစ်နဲ့ကျေးလက်မီးလင်းရေးဆောင်ရွက်တဲ့အခါမှာဆိုလာအမျိုးအစားနှစ်မျိုးရှိပါတယ်။ သုံးစွဲတဲ့ပြည်သူအနေကတော့ ကိုယ်ကြိုက်နှစ်သက်ရာကိုယူလို့ရပါတယ်။ ဝပ်(၆၀) ကိုယူရင် ငွေ(၅၀၀၀၀) ကျပ် နှင့် (၁၀၀) ဝပ်ယူရင်ငွေ(၁၅၀၀၀၀ )ကျပ်တို့ကိုနှစ်ကြိမ်ခွဲပြီးငွေပေးသွင်းရပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာကိုယူလို့ရပါတယ် " ဟုမြို့နယ်ဦးစီးမှူးဦးကျော်ဝင်းနိုင် ကပြောဆိုသည်။

အဆိုပါအမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး NEP စီမံကိန်းတစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးရေးဆောင် ရွက်ပေးခြင်းကြောင့် စားမြိတ်တောင်၊ တညက်နောက်ကျေးရွာတို့မှ ကျေးလက်နေပြည်သူများလိုအပ်တဲ့အခါအချိန်မရွေးမီးအလင်းအသုံးပြုနိုင်ပြီး၊ အရင်က ‌ဖယောင်းတိုင် မီးကိုအသုံးပြုတဲ့နေရာမှယခုအခါ ဆိုလာမီးလင်းရေးကို ပြောင်းလဲ အသုံးပြုရတဲ့ အတွက် ကုန်ကျစရိတ် သက်သာလာသည့်အပြင်ပညာရေး၊ ကျန်မာရေး၊ လူမှုရေးတို့ကိုများစွာ အထောက်အကူပြုကာ လူမှုစီးပွားဘဝများလည်းတိုးတက်လာနိုင်သည့် အကျိုးကျေးဇူးများ ရရှိ လာနိုင်မည့်ဖြစ်ကြောင်း အဆိုပါ ကျေးရွာနေရွာသူရွာသားများထံမှသိရသည်။

 

ဝါဝါခိုင်(မြိတ်ခရိုင် ပြန်/ဆက်)