ကြံခင်းမြို့နယ် ကုန်းမြင့်ဘုန်းတော်ကြီးကျောင်းနှင့် ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ဆင်းရဲနွမ်းပါးသက်ကြီးဘိုးဘွားအား ထောက်ပံ့ကြည့်ရှုအားပေး

ကြံခင်း စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် သဲဖြူအုပ်စု ကုန်းမြင့်ဘုန်းတော်ကြီးကျောင်းနှင့် ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် အုတ်တွင်းကျေးရွာအုပ်စု လယ်ကြီးကွင်းကျေးရွာရှိ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားအား ထောက်ပံ့ကြည့်ရှုအားပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ၎င်းနေရာတို့တွင် ဆောင်ရွက်ခဲ့ သည်။

ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့တို့က ကုန်းမြင့် ဘုန်းတော်ကြီးကျောင်းနှင့် ဘိုးဘွာရိပ်သာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာဝင်းနိုင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများမှ သံဃာ(၇)ပါး၊ သက်ကြီးအဘိုးအဘွား (၂၃)ဦး၊ ကျေးရွာနေပြည်သူ(၇)ဦးအား ဆီးချို၊ သွေးတိုးနှင့် အထွေထွေကျန်းမာရေး(အခမဲ့) ကွင်းဆင်းကုသပေး ခြင်းတွင် ကြည့်ရှုအားပေးခဲ့ပြီး ဖြည့်ဆည်းပေးခဲ့ပြီး ဘိုးဘွားရိပ်သာရှိ သက်ကြီးအဘိုးအဘွားများအား အာဟာရ ဒါနကုသိုလ်အဖြစ် ကွေကာနှင့် မုန့်များလှူဒါန်းပြီး ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အုတ်တွင်းကျေးရွာအုပ်စု လယ်ကြီးကွင်းကျေးရွာတွင် ဆင်းရဲနွမ်းပါးသက်ကြီး ဘိုးဘွားများအား စားဝတ်နေရေး အဆင်ပြေစေရန်  အသက်(၈၆)နှစ်ရှိ အဘိုးဦးကျော်ရှိန်ထံ သွားရောက်ကာ အခြေခံစားသောက် ကုန် ဆန်(၁၂)ပြည်၊ ကွေကာ၊ ကိတ်မုန့်နှင့် ငွေကျပ် (၃)သောင်းကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)