ရေဖြူ စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ဂ)ရပ်ကွက်၊ သာသနရံသီကျောင်း၊ အာစရိယဂုဏ်ရည် ဓမ္မဗိမာန်တော်တွင် (၁၆) ကြိမ်မြောက် မိုးကုတ်ဝိပဿနာ ဝါတွင်း ကာလ (၅) ရက် တရားစခန်းပွဲကို ယနေ့တွင် တရားစခန်း (၂) ရက်နေ့မြောက်အဖြစ် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ (၁၆) ကြိမ်မြောက် မိုးကုတ်ဝိပဿနာဝါတွင်းကာလ (၅) ရက် တရားစခန်းပွဲဖွင့်ပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ညနေ ၆ နာရီတွင် အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး သာသနရံသီကျောင်းဆရာတော် အရှင်ဉာဏိဿရ ဆရာတော် အရှင်သူမြတ်က တရားစခန်း အဖွင့်တရားချီးမြှင့်ကာ ဩဝါဒတရားမြွက်ကြားခဲ့သည်။
ဆက်လက်၍ တရားစခန်းပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဗိုလ်က တရားစခန်းဝင် ယောဂီများအား တရားစခန်းပွဲဖြစ်မြောက်ရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထိုသို့ မိုးကုတ်ဝိပဿနာ ဝါတွင်းကာလ (၅) ရက် တရားစခန်းပွဲတွင် အရှင်ပညာဒီပ (မိုးကုတ်နယ်လှည့်ဓမ္မကထိက၊ တီဇစ်အရှေ့ကျောင်း) ဆရာတော်မှ ချီးမြှင့်ပြသသွားမှာဖြစ်ပြီး ဩဂုတ်လ (၃၁) ရက်မှ စက်တင်ဘာလ (၄ ရက်နေ့အထိ (၅) ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါတရားစခန်းပွဲတွင် ရပ်နီးရပ်ဝေးမှ အရုဏ်ဆွမ်း၊ နေ့လည်ဆွမ်း၊ အချိုပွဲအလှူရှင်များနှင့် ရေမီးအလှူရှင်များလည်းရှိကြောင်း သိရသည်။
အဆိုပါ တရားစခန်းဝင်ယောဂီများ အဆင်ပြေစွာ တရားရှုမှတ်ပွားများနိုင်ရန်အတွက် ရပ်နီးရပ်ဝေးမှ ကုသိုလ်ရှင်များ၊ ရပ်ကွက်သူ/ရပ်ကွက်သား တပည့် ဒကာ/ ဒကာမများမှလည်း ကုသိုလ်ယူဝန်ဆောင်မှုအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့နောက် တရားစခန်းပွဲတွင် အနယ်နယ်အရပ်ရပ်မှ ဓမ္မမိတ်ဆွေယောဂီများ တရားစခန်းလာရောက်ကြပြီး အမျိုးသားယောဂီ (၁၈) ဦး၊ အမျိုးသမီးယောဂီ (၁၁၇) ဦးတို့နှင့် အချိန်ပိုင်း လာရောက် တရားနာ ကြွရောက်လာကြသူများရှိကြောင်း သိရပါသည်။
ထွန်းလင်းဦး (ပြန်/ဆက် )