ငါးသိုင်းချောင်းမြို့၌ ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် စားရိက္ခာအတွက် ဆန်များလှူဒါန်းခြင်းပြုလုပ်

ငါးသိုင်းချောင်း စက်တင်ဘာ ၂

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက မိသားစုဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သည့် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းကို သင်တန်းနည်းပြ ဦးဇင်ကိုရှိန်းက (အခမဲ့)သင်ကြားပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်အသီးသီးက သင်တန်းသား/သူ (၂၀)ဦး တက်ရောက်လေ့လာသင်ယူခဲ့ကြသည်။

အဆိုပါသင်တန်း၌ ဆပ်ပြာအဆီကုန်ကြမ်း ဝယ်ယူရရှိနိုင်မည့်နေရာ၊ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်၊ ပြုလုပ်ပုံအဆင့်ဆင့် အသေးစိတ်တို့ကို ဦးဇင်ကိုရှိန်းက စနစ်တကျသင်ကြား ပေးခဲ့သည်။

ဆပ်ပြာသည် လူတစ်ဦး/မိသားစုအတွက် မသုံးမဖြစ်အသုံးပြုနေရသော လူသုံးကုန်ပစ္စည်းဖြစ်သဖြင့် ဆပ်ပြာ အတွက် အသုံးစရိတ်ကိုသက်သာစေပြီး အပိုဝင်ငွေကိုပါ ရရှိစေမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ် တစ်ခုဖြစ်သည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ယခုလို သင်တန်းဖွင့်လှစ်သင်ကြား ပေးရခြင်း ဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသားများအား အကောင်းအဆိုး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် ဗဟုသုတပြည့်စုံရန် လိုအပ်သဖြင့် စာအုပ်စာစောင်များကို ဖတ်ရှုကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စာအုပ် စာစောင်များ ခင်းကျင်းပြသထားရှိမှုကို လေ့လာစေခဲ့သည်။

ဆက်လက်ပြီး မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်လင်းထွန်းနှင့် စေတနာရှင်အလှူရှင်များ စုပေါင်း၍ သင်တန်းတက်ရောက်သော သင်တန်းသားများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၂) ပြည်နှုန်း ထောက်ပံ့ လှူဒါန်းခဲ့သည်။ ဦးရန်လင်းထွန်းနှင့် စေတနာရှင်အလှူရှင်များအဖွဲ့သည် သြဂုတ်လအတွင်း မြို့သစ်ရပ်ကွက် လမ်းအသီးသီးရှိ ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးချို့ယွင်း နေသူများအား ဆေးကုသစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀/-)နှုန်းဖြင့်လည်းကောင်း၊ စားရိက္ခာ အခက်အခဲတွေ့ကြုံနေရသည့် အိမ်ထောင်စုများအား ဆန်များကိုလည်းကောင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယခုလို မိသားစုဝင်ငွေရရှိစေမည့် ဆပ်ပြာအဆီပြုလုပ်နည်းကို အခမဲ့သင်ကြားပေးသည့်အပြင် စားရိက္ခာဆန် များကိုပါ လှူဒါန်းပေးဝေခဲ့သည့်အတွက် ပြန်/ဆက်ဦးစီးဌာနနှင့် အလှူရှင်များကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း သင်တန်းသားများက ပြောကြားခဲ့ကြောင်း သိရသည်။

နှင်းယုဝေ(ပြန်/ဆက်)