ပွင့်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် မိုးနေကြာသီးနှံလျာထားဧကထက် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီး ကျေးရွာသို့ကွင်းဆင်းပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးနေကြာသီးနှံ စိုက်ပျိုးရေး နည်းစနစ်များနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးစွာပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက မိုးနေကြာသီးနှံစိုက်ပျိုးရေး လုပ်ငန်းသည် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့်အတွက် ဒေသခံတောင်သူများအနေဖြင့် အားထားစိုက်ပျိုး လုပ်ကိုင်ကြ စေလိုကြောင်း၊ ထိုသို့နေကြာသီးနှံ စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နေကြာသီးနှံ ပိုမိုစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်မည့်အပြင် သီးနှံဝင်ငွေ တိုးပွား လာစေမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒေသခံတောင်သူများက မြို့နယ်အတွင်း မိုးနေကြာသီးနှံလျာထားဧက ပြည့်မီစွာ စိုက်ပျိုး နိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေကြာသီးနှံ စိုက်ပျိုးနည်းစနစ်နှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးမေးမြန်းရာ တာဝန်ခံမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး နေကြာသီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ သည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂ -၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက်ရည်ရွယ်၍ မိုးနေကြာသီးနှံစိုက်ဧက ၄၁၀၉ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ဒေသခံတောင်သူများက ဇွန်လဆန်းပိုင်းက ရွာသွန်းသည့်မိုးဖြင့် စတင်စိုက်ပျိုးခဲ့ရာ ယခုလက်ရှိတွင် မိုးနေကြာသီးနှံ ဧက ၄၁၉ ဧက စိုက်ပျိုးဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)