ကံမ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက ဇီးတောကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက ဒေသဖွံ့ဖြိုးရေး ကျန်းမာရေး၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးမည့်အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မိမိတို့ရပ်ရွာ လုံခြုံရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆/၆၆) ပျောက်ဆုံး ပျက်စီးသူများအတွက် ပုံစံအသစ်ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)