ဘားအံ စက်တင်ဘာ ၂
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လူအများစုဝေး၍ စားသုံး ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာဌာန နေရာများအား ခေတ်စနစ်နှင့်လျှော်ညီ၍ သန့်ရှင်းသပ်ရပ်သော၊ သက်သောင့်သက် သာဖြစ်စေသော ဈေးများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့မဈေး သားငါးဈေးရုံ သစ်တည်ဆောက်ခြင်းနှင့် မာန်အောင်ဈေးရုံများ အဆင့်မြှင့်တင်တည် ဆောက်ခြင်း လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ဘားအံမြို့မဈေး သားငါးဈေးရုံသစ်တည်ဆောက်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဈေးတာဝန်ခံရုံးခန်း၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက (၆၆ပေ x ၄၂ ပေ) R.C.C (၂)ထပ် သားငါးဈေးရုံသစ်(မြို့မဈေး) တည်ဆောက်ခြင်းလုပ်ငန်း၊ ရေ၊ မီး၊ မိလ္လာပြည့်စုံရေး စီမံဆောင်ရွက်ထားသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များက ဈေးရုံသစ်တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ လိုအပ်သည်များလမ်းညွှန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယခင်ပျံကျဈေးပုံစံမျိုးဖြင့်သာတည်ရှိပြီး စည်းစနစ်ကျနမှု မရှိသော ကြပ်တည်းကျဉ်းမြောင်းစွာဈေးရောင်းဈေးဝယ်ပြုလုပ်နေကြသော ဘားအံမြို့၊ အမှတ် (၅)ရပ်ကွက်ရှိ မာန်အောင်ဈေး(ရဲဘော်ဈေး)အား (၉၂ပေ x ၅၂ပေ x ၁၃ပေ) Steel Structure အမျိုးအစား ဈေးရုံ(၃)ရုံ တည်ဆောက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးက လုပ်ငန်းတစ်ခုလုံးအနေဖြင့် ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ကရင်ပြည်နယ်နေ့အမီ ပြီးစီးမည်ဖြစ်ကြောင်းရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က စုစုပေါင်း ကုန်ကျငွေ ၄၉၁ ဒသမ ၇၁ သန်းဖြင့် ဈေးရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ခြံစည်းရိုးပြုလုပ်ခြင်းလုပ်ငန်း၊ ဈေးအဖွဲ့ ရုံး ဆောက်လုပ်ခြင်း၊ အများသုံးသန့်စင်ခန်းပြုလုပ်ခြင်း၊ ရေလှောင်ကန်နှင့်ရေစင်တည်ဆောက်ခြင်း၊ ဈေးရေမြောင်း ပြုလုပ်ခြင်းနှင့် ပျံကျဈေးရောင်းနေရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၅၄ ခန်းနှင့် ပျံကျဈေးရောင်းနေရာများအား စနစ်တကျနေရာချထားပေးရန်၊ ယာဉ်ရပ်နားရာ နေရာများထည့်သွင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)