ဆိပ်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း၍ ဝါစိုက် တောင်သူများ ဝါဈေးကောင်းရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိဒေသခံသူများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်ကြပြီး မိုးသီးနှံကို စပါး၊ ဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့် ချည်မျှင်ရှည်ဝါတို့ကို စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိကြသည်။ ထိုသို့စိုက်ပျိုး ဆောင်ရွက်လျက်ရှိရာတွင် ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။ ယခင်နှစ်က ဝါတစ်ပိဿလျှင် ၂၅၀၀ ကျပ်အထိဈေးရရှိသည့်အတွက် ၂၀၂၂ ခုနှစ်မိုးသီးနှံ ချည်မျှင်ရှည်ဝါကို တောင်သူများက ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလာကြပြီး ဝါစိုက်ဧက ၂၀၀ ကျော်အထိ စိုက်ပျိုးလာကြောင်း၊ ဝါသီးနှံအောင်မြင်ဖြစ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝါသီးနှံမျိုးကောင်းမျိုးသန့်များ၊ မြေဩဇာများ ထောက်ပံ့ကူညီဆောင်ရွက်ပေးခြင်း စိုက်ပျိုးရေးနည်း ပညာဖြန့်ဝေအသိပေးဆောင်ရွက်ပေးနေပြီး ယခုလက်ရှိ တောင်သူများက ငွေချည် (၉) ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထားရှိကြောင်း၊ ဇူလိုင်လအတွင်းစတင်စိုက်ပျိုးခဲ့သည့် ငွေချည် (၉) ချည်မျှင်ရှည်ဝါပင်များ ရက် ၅၀ အကြာတွင် အပွင့်အသီးများလှိုင်လှိုင်ဖူးပွင့်လာပြီး အောင်မြင် လျက်ရှိကြောင်း၊ ယခင်နှစ်က ငွေချည် (၉) ချည်မျှင်ရှည်ဝါကို စိုက်ပျိုးပြီး ရက်(၁၀၀) အကြာတွင် ဝါများစတင်ကောက်သိမ်းခဲ့ရပြီး တစ်ဧကလျှင် ပထမအကြိမ်ဝါပိဿာချိန် ၅၀၀ ထွက်ရှိပြီး ဒုတိယ အကြိမ်တွင် ဝါပိဿာချိန် ၃၀၀ ကျော်ထွက်ရှိကြောင်း ဝါသီးနှံတစ်ဧကလျှင် စုစုပေါင်းဝါပိဿာချိန် (၈၀၀) ကျော်ထွက်ရှိပြီး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရသည့်အတွက် တောင်သူများ အဆင်ပြေခဲ့ကြောင်း ယခုနှစ်တွင်လည်း ဝါစိုက်ပျိုးထုတ်လုပ်ထွက်ရှိမှုတွင် ယခင်နှစ် ကဲ့သို့ ဈေးကောင်းရရန်မျှော်လင့်မိကြောင်း ချင်တောင်ကျေးရွာမှ ဝါစိုက်တောင်သူ ဦးမန်းရင်က ပြောကြားခဲ့သည်။
ကိုဇွဲ(အညာမြေ)