ရှမ်းရွာသစ်မြို့တွင် မြို့အဝင်ပန်းခြံ ခြံစည်းရိုးကာခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ် စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့အဝင်ပန်းခြံ ခြံစည်းရိုးကာခြင်းလုပ်ငန်းကို ဇွန်လပထမပတ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှ ယခုအချိန်တွင် (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေကျပ် (၂၆,၇၈၀,၀၀၀) ဖြင့် (၅၃၆) ပေအရှည်ရှိ မြို့အဝင်ပန်းခြံခြံစည်းရိုး ကာရန်ခြင်း လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ရှိကြောင်း၊ ယခုအချိန်တွင် (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက မြို့အဝင်ပန်းခြံ သာယာလှပပြီး အများပြည်သူများ စိတ်အေးချမ်းသာယာစွာဖြင့် အပန်းဖြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ စည်ပင်သယာရေးအဖွဲ့အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများ၊ အများပြည်သူ သွားလာရေး အဆင်ပြေစေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုလည်း သက်ဆိုင်ရာရပ်ကွက်များအလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဇင်လေး (ပြန်/ဆက်)