မင်းတုန်း စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နေသည့် အမှတ်(၄)ရပ်ကွက် မင်္ဂလာလမ်းသွယ်အား ကွန်ကရစ်ခင်းခြင်းနှင့် ရေစိမ့်တွင်းကျယ်တူး ဖော်ခြင်းလုပ်ငန်းကို ရပ်ကွက်နေ ပြည်သူများ၏တင်ပြချက်အရ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်းနှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်အောင်တို့မှ ကွင်းဆင်း၍ ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါ လမ်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေ ကျပ်(၄.၉)သန်းဖြင့် လမ်းအထူ ၈ လက်မ အကျယ် ၁၂ ပေ အရှည် ၁၃၅ ပေရှိ ကွန်ကရစ်ခင်းခြင်းဖြစ်ပြီး ရေစိမ့်တွင်းကျယ်အား ကျပ်(၁၅.၃)သန်းဖြင့် တူးဖော်ခြင်းဖြစ်သည်။ အဆိုပါ ရေစိမ့်တွင်းကျယ်အား တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် တူးဖော်ခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက အမှတ်(၄)ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ခန့်အား တိုးချဲ့ရေပေးဝေနိုင်မည်ဖြစ်ကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဦးသိန်းဝင်း ထံမှသိရှိရသည်။
ချင်းကလေး(NRDC)