ဖျာပုံ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဇီးကုန်းသိုလှောင်ရုံတွင် နိုင်ငံတော်မှ ဖျာပုံခရိုင်အတွက် ကိုဗစ်ကာလ အရေးပေါ် အရန်ရိက္ခာ စားသုံးဆီများ ကြိုတင်သိုလှောင်ထားရှိပြီး၊ သိုလှောင်ထားရှိသော စားသုံးဆီများအား ခရိုင်/မြို့နယ် အရန်ဆီထိန်းသိမ်းလက်ခံရေး အဖွဲ့မှ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး တစ်ပတ်တစ်ကြိမ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ အရန်စားသုံးဆီ ထိန်းသိမ်းရေးအဖွဲ့၊ ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင် က ဆီသိုလောင်ထားရှိမှုများ နှင့်ပတ်သက်ပြီး “ ကိုဗစ်ကာလ ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားလာပါက နိုင်ငံတော်မှ စားသုံးသူပြည်သူများ အဆင်ပြေစေရေး ယခုလိုအရေးပေါ် အရန်ရိက္ခာဆီများကို သိုလှောင် ထိန်းသိမ်းထားကြောင်း” ပြောကြားသည်။
ခရိုင်၊ မြို့နယ် အရန်စားသုံးဆီ ထိန်းသိမ်းရေးအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားရှိပြီး တစ်ပတ်လျှင်တစ်ကြိမ် သဘာဝ ဘေးကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ကိုဗစ်ကာလအတွင်း ဖျာပုံခရိုင် အတွက် စားသုံးဆီတန်ချိန် (၂၃၅.၄၈၄) တန်၊ ပိသာပေါင်း (၈၅၂၆၃၄.၈၉)၊ ဆီပုံးပေါင်း (၁၄၆၀၀) သိုလှောင် ထားရှိကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)