ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု စစ်တုရင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျ လေ့ကျင့်စေရေး၊ နည်းစနစ်မှန်ကန်စေရေးနှင့် နည်းပြများ၏ သင်ကြားမှုများကို မှတ်သားနာယူ ဆောင်ရွက်စေရေး မှာကြားသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး စစ်တုရင် အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ စစ်တုရင်အားကစား အောင်နိုင်ရေးအတွက် ပြိုင်ပွဲများအဆင့်ဆင့် ပြုလုပ်၍ အကောင်းဆုံး အားကစားသမားများရွေးချယ်ပြီး နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်း လေ့ကျင့်ခဲ့ပါကြောင်း၊ စဉ်းစားတွေးခေါ်နိုင်မှု ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြု ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေး ကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စစ်တုရင်အားကစားနည်းတွင် တစ်ဦးချင်း ရွှေ၊ ငွေ၊ ကြေးတံဆိပ်များဆွတ်ခူးခဲ့သည့်အပြင် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့ပါကြောင်း၊ ယခုပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းများရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်” ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင် အားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၆ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)