စေတုတ္တရာ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်မူယာက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် သင်တန်းပို့ချမည့်အခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက သင်တန်း ဖွင့်လှစ်နိုင်ရေးကိစ္စများနှင့် ပတ်သက်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကာ ကျေးရွာအုပ်စု(၄၆)အုပ်စု အတွင်းရှိ သင်တန်းသား(၃၃၈)ဦးအား စက်တင်ဘာလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)