ကျွန်းလှ စက်တင်ဘာ ၂
စစ်ကိုင်တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“တောင်သူတွေက ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးကြသလို အစေ့ထုတ်ပြောင်းဖြင့်လည်း သီးညှပ်စိုက်ပျိုးကြပါတယ်။ ဒီနှစ် ပဲစင်းငုံ ၆၇၂၉ ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ၁၁၅၁၂ ဧက (၁၇၁ ဒသမ ၀၈) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပဲစင်းငုံစိုက် တေညင်သူများအား မျိုးကောင်း မျိုးသန့်ရွေးချယ် စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှု အန္တရာယ်ကင်းရှင်းရေး၊ အထွက်နှုန်းကောင်းမွန်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး ၃၄၀၉၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၂ ဧက၊ ဆီထွက်သီးနှံ ၇၂၇၀ဧက၊ အခြားသီးနှံ ၁၆၉၁၅ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ