နတ်မောက် စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများသည် ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝန်းအတွင်း မြေကွက်လပ်များတွင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် ဘရာဇီးငှက်ပျောများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရသည်။
“ကျွန်တော်ရဲ့ ဥယျာဉ်ခြံထဲမှာ အများစိုက်ပျိုးနေကြတဲ့ ဖီးကြမ်း၊ ရခိုင်ငှက်ပျောမျိုးမဟုတ်ဘဲ ဘရာဇီးငှက်ပျောမျိုးကို စိုက်ပျိုးထားခြင်းဖြစ်ပါတယ်၊ ဘရာဇီးငှက်ပျောကို စိုက်မယ်ဆိုရင် အပင်တစ်ပင်နဲ့ တစ်ပင် (၅) ပေအကွာ အတန်းလိုက်စိုက်ရပါတယ်၊ မိုးတွင်းဘက်မှာ ရေပေးရန် မလိုဘဲ နွေရာသီနဲ့ဆောင်း ရာသီတွေမှာတော့ မြေအောက်ရေကို သုံးရက်ခြားပေးသွင်းရပါတယ်၊ နှုန်းမြေများတွင် စိုက်ပျိုးလျှင် ပိုမိုအောင်မြင်ဖြစ်ထွန်းနိုင်ပါတယ်၊ အောင်မြင်ဖြစ်ထွန်း လာတဲ့ ငှက်ပျောတွေဟာ တစ်နှစ်အကြာမှာ ရောင်းတမ်းဝင် ငှက်ပျောသီးအဖြစ် စတင်ဆွတ်ခူးရောင်းချပါတယ်၊ စျေးနှုန်းအနေနဲ့ကတော့ ငျက်ပျောအလုံးကြီး ပါက တစ်ဖီးကို (၁၅၀၀) ကျပ်နှုန်းဖြစ်ပြီး ငှက်ပျောအလုံးသေးပါက တစ်ဖီးကို (၁၃၀၀) ကျပ်နှုန်းဖြင့်ရောင်းချပါတယ်၊ စိုက်ပျိုးထားတဲ့ ဘရာဇီးငှက်ပျောမျိုး ကိုတော့ မြ၀တီမြို့မှ တစ်ပင်ကို (၁၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူပြီး အပင် (၃၀၀) စိုက်ပျိုးထားပါတယ်၊ ခုလိုဘရာဇီးငှက်ပျောပင်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ဂရုတစိုက် ပြုစုပျိုးထောင်နိုင်မယ်ဆိုရင် မိမိအိမ်မိသားစုလည်းစားရ၊ ဝင်ငွေလည်းရတော့ပါဗျာဟု” ဘရာဇီးစိုက်ပျိုးသူ ဦးဆန်းဦးကပြောသည်။
မူမူစန်း