နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ န-ကျားထူးကျေးရွာတွင် သဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ပြသ 

နတ်မောက် စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာတွင် သဘာဝမြေဆွေးများ နည်းပညာပေးလက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် န-ကျားထူးကျေးရွာရှိတောင်သူများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းရာသီ သီးနှံစိုက်ခင်းများတွင် ဓာတ်မြေဩဇာလျှော့ချ၍ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေးအတွက် စူပါဘိုကာရှီ မြေဆွေးများအား နတ်မောက်မြို့နယ်ဘက်စုံ အဆင့်မြင့်နည်းပညာသုံး ကျေးရွာအုပ်စုဖြစ်သည့် အင်းကုန်းကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ န-ကျားထူးကျေးရွာရှိ ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

ထိုသို့ စူပါဘိုကာရှီမြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းဖြင့် တောင်သူများ သဘာဝမြေဩဇာတိုးချဲ့ အသုံးပြုလာစေရန်၊ မြေဩဇာဘိုးကုန်ကျမှုသက်သာစေရန်၊ တောင်သူများ လက်တွေ့လိုက်ပါပြုလုပ်လာစေရန် ယခုလိုတောင်သူအသိပညာပေး ပြုလုပ်ပြသရတာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

ဖြိုးဖြိုး