ကန်ကြီးထောင့်၌ အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘ၀အလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကန်ကြီးထောင့် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘ၀အလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် သွားရောက်၍ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက်(Mobile Library)အား ယမန်နေ့ နေ့လည်အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ၊ ရသစာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများကို စုပေါင်းဖတ်ရှုကြစေရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ဌားရမ်းဖတ်ရှု လေ့လာခဲ့ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)