သရက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကလေး အလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး အသိ ပညာ ပေး ပိုစတာ စိုက်ထူခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ သရက်မြို့မဈေးထိပ်တွင် ယနေ့ နံနက် (၁၀)နာရီခန့်က စိုက်ထူခဲ့သည်။
အဆိုပါ အသိပညာပေးပိုစတာတွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်း ချက်(၃) ရပ်ဖြစ်သော (က) မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမား အဖြစ်ခိုင်းစေမှု အထူးသဖြင့် အဆိုးရွား ဆုံးပုံစံဖြင့်ခိုင်းစေမှုများအား လျော့နည်း ပပျောက် စေရန်နှင့် ထိရောက်စွာတားဆီး ကာကွယ်ရန်၊ (ခ) ဥပဒေ အရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ (ဂ) အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင် နေရသည့် ကလေး အလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာ ကျောင်းများတက်ရောက်နိုင်ရေး စီမံ ဆောင်ရွက် ပေးရန်တို့ပါရှိသည်။
ထို့အပြင် သင်အလုပ်ခန့်မည့်ကလေးများသည် အသက်(၁၄)နှစ်ပြည့်ပြီးဖြစ်ပါစေ၊ ကလေးများ အကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးပါ၊ အလုပ်လုပ်သော ကလေးများ အနေဖြင့် ပညာရေးနှင့် အသက် မွေးဝမ်းကျောင်းပညာ ဆက်သင်ရန် တိုက်တွန်းပြီး စီစဉ်ပေးပါ၊ ကျန်းမာရေးနှင့် စာရိတ္တကိုထိခိုက်စေပြီး ဘေးကင်းမှုမရှိသော အန္တရာယ် ရှိသည့်လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မခိုင်းစေရပါ အစရှိသော အသိ ပညာပေးစာတန်းများပါဝင်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(သရက် ပြန်/ဆက်)