ရေဦးမြို့ Community Centre ခန်းမတွင် မြန်မာစာ စာလုံး‌ပေါင်းသတ်ပုံမှန် ရွေးချယ်ပြိုင်ပွဲ ကျင်းပ

ရေဦး စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ကျောင်းသား၊ ကျောင်းသူလေးများသည် အနာဂတ်ကိုပိုင်စိုးကြမည့် မျိုးဆက်သစ် လူငယ်မောင်မယ်လေးများဖြစ်ပြီး ငယ်စဉ်ကတည်းက အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်‌စေရန်၊ မြန်မာစာအရေးအသား အသုံးအနှုန်းများ ဂဃနဏသိရှိပြီး မှန်ကန်စွာရေးသားလာနိုင်စေရန်နှင့် မျိုးဆက်သစ်ကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးလာပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ကျင်းပပေးရခြင်း‌ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက ကလေးငယ်များ စာကြည့်တိုက်ကို အသုံးပြု လာတတ်စေရန်နှင့် စာကြည့်တိုက်မှ၀န်ဆောင်မှု ပေးနေပုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အကောင်းဆုံးဖြေနိုင်သူနှင့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသူများ အားလုံးကို အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာစာသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အပတ်စဉ် ဆောင်ရွက်‌‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)